ဇူလိုင် ၂၅ ရက်သတင်းများအနှစ်ချုပ်- စစ်တပ်ပူးပေါင်းဂိတ်တွေ ငွေကောက်တဲ့ကိစ္စ လွှတ်တော်မှာ မေးခွန်းထုတ်

ဓာတ်ပုံ ရင်းမြစ်, ပြည်သူ့လွှတ်တော်
မန္တလေး-မြစ်ကြီးနားလမ်းတွေပေါ်က ဖြတ်သန်းသွားလာတဲ့ ကားတွေကို စစ်တပ်နဲ့ အဖွဲ့ စုံ ပူးပေါင်းဂိတ်တွေက ငွေကြေးကောက်ခံနေတာကို တားဆီးပေးဖို့ ရှိမရှိ မိုးကောင်းမဲဆန္ဒနယ် ကြံ့ခိုင်ရေးပါတီ USDP အမတ် ဦးထွန်းထွန်းအောင်က ပြည်သူ့လွှတ်တော်မှာ မနေ့က မေးခွန်းထုတ်ပါတယ်။
ဒီလမ်းပေါ်မှာ စစ်တပ်ပူးပေါင်းဂိတ်တွေနဲ့ ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေရဲ့ ဂိတ်ပေါင်း ၅၀ ဝန်းကျင်ရှိတယ်လို့ ပြည်သူ့လွှတ်တော်အမတ်က သူ့ရဲ့မေးခွန်းထဲမှာထည့်သွင်းပြောထားပါတယ်။
ဒီဂိတ်တွေဟာ ကားတွေမှာ တင်လာတဲ့ပစ္စည်းအပေါ်မူတည်ပြီး ငွေကျပ် သိန်း ၁၅၀ ကနေ သိန်း ၃၀၀ အထိ ငွေကြေးတရားမဝင်ကောက်ခံနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် မန္တလေးကနေ မြစ်ကြီးနားကိုကုန်ပစ္စည်းတွေရောက်ချိန်မှာ ဈေး ၂ ဆတက်သွားတယ်လို့ လည်း ဦးထွန်းထွန်းအောင်က ပြောပါတယ်။
ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြန်လည်ဖြေဆိုရာမှာ တိုင်ကြားချက်ရှိရင် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့အညီအရေးယူမယ်လို့ ပြောပါတယ်။
လက်ရှိကြုံနေရတဲ့ ငွေကြေးကောက်ခံမှုတွေကို လျော့နည်းပပျောက်အောင် လုပ်ဆောင်နေတဲ့ အစီအမံရှိမရှိကို သူကဖြေကြားတာပါ။
မန္တလေး-မြစ်ကြီးနား ပြည်ထောင်စုကားလမ်းမကြီးပေါ်မှာ ပူးပေါင်းဂိတ် ၅ ဂိတ်ချထားတယ်လို့ ပြည်ထဲရေးဒုဝန်ကြီးက ပြောပြီး ဒီဂိတ်တွေကို CCTV နဲ့ စောင့်ကြည့်နေတယ်လို့ ပြည်သူ့ လွှတ်တော် မှာ ဖြေသွားပါတယ်။
ငွေကြေးတောင်းခံတာတွေကို တိုင်ကြားဖို့ အသိပေးစာနဲ့ ဗီနိုင်းတွေမှာ ဖုန်းနံပါတ်တွေထည့်သွင်း ကြေညာထားတယ်လို့လည်း ဗိုလ်ချုပ်မင်းသူက ပြောပါတယ်။
မြစ်ကြီးနားကနေ မန္တလေးမြို့အထိ ခရီးဟာ ကားခတင် မြန်မာငွေ ၄ သိန်းကနေ ၄ သိန်းခွဲအထိ ကုန်ကျပြီး လမ်းမှာ ၃-၄ ရက်ကနေ လဝက်လောက်အထိ ကြာတယ်လို့ မြို့ခံ တချို့ရဲ့ ပြောပြချက်အရသိရပါတယ်။
အရေးကြီးကိစ္စတွေအတွက် လေကြောင်းကနေ သွားလာရမှာလည်း လေယာဥ်လက်မှတ်ကို အဆမတန်ပေးဝယ်နေရသလို ရထားကနေ ပြန်လည်ပြေးဆွဲနိုင်ခြင်းမရှိသေးဘူးလို့ ပြောကြ ပါတယ်။
တစ်ဖက်သတ်ဖိအားကြောင့် NUG COC အောက်ဝင်မယ်လို့ ဆုံးဖြတ်ခဲ့ရတာလို့ SRF ဆို

ဓာတ်ပုံ ရင်းမြစ်, SRF
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
NUG COC အောက်ဝင်မယ်ဆိုတဲ့ ကျောင်းသားတော်လှန်ရေးတပ်တော် SRFနဲ့ မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့ရဲ့ ပူးတွဲထုတ်ပြန်ချက်ဟာ တစ်ဖက်သတ်ဖိအားကြောင့်ဖြစ်ပြီး တပ်တစ်စုံလုံးရဲ့ သဘောထားမဟုတ်ဘူးလို့ SRF က မနေ့ညက ထုတ်ပြန်ပါတယ်။
ပြစ်မှုကျူးလွန်တာရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ SRFရဲ့ ဥက္ကဋ္ဌကိုစံတင်ထွန်းအပါအဝင် အဖွဲ့ဝင် ၁၆ ဦး ဖမ်းဆီးခံရပြီးတဲ့နောက် မေ ၂၉ ရက်မှာ NUG COC အောက်ဝင်ဖို့အချက်အပါအဝင် အချက် ၃ ချက်ကို ပူးတွဲထုတ်ပြန်ခဲ့တာပါ။
ဒီသဘောတူညီချက်ဟာ တွေ့ဆုံမှုမှာပါဝင်တဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တချို့က ဖိအားကြောင့် အရေးပေါ်ဆုံးဖြတ်တာသာဖြစ်တယ်လို့ SRF ရဲ့ မနေ့ညကထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
နှစ်လကျော်အကြာမှ ဘာကြောင့်အခုလို ထုတ်ပြန်ရတာလဲဆိုတာအပါအဝင် အသေးစိတ်မေးမြန်းဖို့ SRF နဲ့ မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည် ဖြေဆိုတာမရှိသေးပါဘူး။
မင်းကင်းဒေသတွင်းလှုပ်ရှားတဲ့ SRFတပ်ဖွဲ့ထိန်းချုပ်နယ်မြေမှာ NUGလမ်းစဥ်အတိုင်း ပအဖ၊ ပကဖ ဖွဲ့စည်းမှုကို ၂၀၂၂ခုနှစ်ကတည်းကလုပ်ဆောင်ပြီးပေမဲ့ ဒီနှစ်စမှာ NUGက SRFထိန်းချုပ် ရှမ်းတောရွာမှာ တပ်သားစုဆောင်းတာနဲ့ အတူ ပကဖနဲ့ ပအဖဖွဲ့စည်းမှုတွေလုပ်လာရာက တင်း မာမှုတွေ ဖြစ်ခဲ့ပါတယ်။
SRFက NUG ကွပ်ကဲမှုအောက်ကိုမဝင်ဘဲ နဂိုရှိပြီးသားအုပ်ချုပ်ရေးအတိုင်းသွားဖို့လိုလားတာဖြစ်ပါတယ်။
မင်းကင်းမြို့နယ်ထဲက NUG PDFနဲ့ SRF တို့ဟာ နယ်မြေအရထိန်းချုပ်မှု၊ အခွန်ကိစ္စနဲ့ ရွှေမျောလုပ်ကွက်ကိစ္စတွေမှာ နှစ်ဖက်အငြင်းပွားမှုနဲ့ စွပ်စွဲချက်တွေရှိနေတာဖြစ်ပါတယ်။
မင်းကင်းမြို့နယ်ထဲ ရာဇဝတ်မှုအချို့ ကျူးလွန်တယ်လို့ စွပ်စွဲခံရပြီးနောက် NUG ပြည်သူ့ ကာကွယ်ရေးတပ်(PDF)ရဲ့ ဖမ်းဆီးခံထားရတဲ့ SRF ခေါင်းဆောင် ကိုစံတင်ထွန်းဟာ ထိန်းသိမ်းခံထားရတဲ့နေရာကနေ ဒီလအစပိုင်းမှ ထွက်ပြေးခဲ့ပါတယ်။
ကိုစံတင်ထွန်း ထွက်ပြေးပြီးတဲ့နောက် သူနဲ့ပတ်သက်တဲ့ အမျိုးသမီးတစ်ဦးကို NUG အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ခေါ်ယူစစ်ဆေးနေတဲ့သတင်းတွေ လူမှုကွန်ရက်မှာ ထွက်ပေါ်လာပါတယ်။
မင်းကင်း ပအဖ ကတော့ အဲဒီအမျိုးသမီးနဲ့ သူ့ရဲ့ဖခင်ဖြစ်သူတို့ကို ခေါ်ယူစစ်ဆေးနေတယ်ဆိုတာ မှန်ကန်ကြောင်း အတည်ပြုပြီး အဲဒီအမျိုးသမီးဟာ ကိုစံတင်ထွန်းနဲ့ ဆက်နွှယ်မှုရှိတဲ့ သံသယနဲ့ခေါ်ယူစစ်ဆေးနေတာလို့ ဆိုပါတယ်။












