ဇူလိုင် ၂၆ ရက်သတင်းများအနှစ်ချုပ်- AA ခေါင်းဆောင်နဲ့ SCEF တို့ အွန်လိုင်းကနေ ဆွေးနွေး

ဓာတ်ပုံ ရင်းမြစ်, screengrab/AA Info Desk
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင် နဲ့ SCEF ခေါင်းဆောင်တွေ အွန်လိုင်းကနေ တွေ့ဆုံ ဆွေးနွေးခဲ့တယ်ဆိုပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) က ပြီးခဲ့တဲ့ မိနစ်ပိုင်းကပဲ သတင်းထုတ်ပြန်လာပါတယ်။
ရခိုင်ပြည်နယ်ထဲ အေအေထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ကြုံခဲ့ရတဲ့ ရေဘေးအလွန် လူသားစာနာမှု အကူအညီ ပေးရေး၊ လက်ရှိနိုင်ငံရေးအခင်းအကျင်းနဲ့ ရှေ့နိုင်ငံရေးလုပ်ငန်းစဉ်လိုအပ်ချက်တွေကို ပွင့်ပွင့်လင်းဆွေးနွေးခဲ့တယ်လို့ SCEF က ပြောပါတယ်။
SCEF ရဲ့ ထုတ်ပြန်ချက်အရ ဒီတွေ့ဆုံပွဲကို ဇူလိုင် ၂၃ ရက်က ပြုလုပ်ခဲ့တာလို့ဆိုပါတယ်။
အဲဒီအွန်လိုင်း တွေ့ဆုံပွဲကို SCEF အလှည့်ကျသဘာပတိ ခူဦးရယ်လ်၊ မဟာဗျူဟာနဲ့ မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့လည်း တက်ရောက်တယ်လို့ဆိုပါတယ်။
အခုဆွေးနွေးပွဲဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း SCEF က ပြုလုပ်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EROs)တွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့တွေ့ဆုံမှု တစ်စိတ်တစ်ပိုင်းလည်းဖြစ်လာပါတယ်။
ဒီဆွေးနွေးမှုတွေအကြောင်း သိရှိတဲ့နီးစပ်သူတွေကတော့ ဆွေးနွေးမှုတွေမှာ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဖို့ တွေ ပါဝင်တယ်လို့ အစောပိုင်းကတည်းက ဘီဘီစီကို ပြောထားပါတယ်။
စစ်ရေး၊ နိုင်ငံရေးပူးပေါင်းဖို့ တော်လှန်ရေးအင်အားစု၊ EROs တွေနဲ့ SCEF တို့ ဆက်တိုက်ဆွေးနွေး

ဓာတ်ပုံ ရင်းမြစ်, SCEF
စစ်ရေး နိုင်ငံရေးမှာ ပူးပေါင်းဖို့ဆိုပြီး မြန်မာ့တော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) တို့ ဆက်တိုက်ဆွေးနွေးတာတွေ လုပ်နေတယ်လို့ အခြေအနေသိရှိတဲ့သတင်းရင်းမြစ်အချို့ဆီကနေ သိရပါတယ်။
SCEF ကတော့ လက်ရှိ နိုင်ငံရေးအခင်းအကျင်း၊ ရှေ့နိုင်ငံရေး လုပ်ငန်းစဉ်လိုအပ်တာတွေနဲ့ ပတ်သက်လို့ တော်လှန်ရေးအစုအဖွဲ့တွေ ဆက်တိုက်ဆွေးနွေးနေကြောင်း လူမှုကွန်ရက်ကနေ ဆက်တိုက်သတင်းထုတ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေသာမက ယူနစ်အစိုးရ၊ လွှတ်တော်တွေနဲ့ပါ ဇူလိုင် ၁၇ ရက်ကစလို့ ၂၂ ရက်အထိ ဆက်တိုက်ဆွေးနွေးနေတယ်လို့လည်း ဆိုပါတယ်။
ဆွေးနွေးပွဲအကြောင်းသိရှိသူအချို့ကတော့ ''ပူးပေါင်းပါဝင်မယ့်ပုံစံနဲ့ ပတ်သက်လို့ ရှင်းလင်းတိကျတဲ့ အဖြေမရသေးဘဲ ဆွေးနွေးမှုတွေ ဆက်ရှိမယ့်သဘော'' လို့ ပြောကြပါတယ်။
SCEF ဟာ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတို့က ယူနစ်အစိုးရတွေ၊ လွှတ်တော်တွေနဲ့ ဇူလိုင် ၁၇ ရက်မှာ တွေ့ဆုံခဲ့ပြီး ၂၀ ရက်မှာတော့ ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့တွေနဲ့ဖွဲ့စည်းထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) နဲ့ ဆွေးနွေးခဲ့ပါတယ်။
မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ခဲ့တဲ့(စစ်အာဏာရှင်တိုက်ဖျက်ရေး)-NMSP-AD၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)၊ မွန်ပြည်အတိုင်ပင်ခံကောင်စီ(MSCC)၊ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ(CRMH)တို့နဲ့ ဇူလိုင် ၂၁ ရက် ဆွေးနွေးပါတယ်။
ဇူလိုင် ၂၂ ရက်မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်/ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLO/PNLA)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) နဲ့ ဆွေးနွေးခဲ့ပါတယ်။
ဒါဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နဲ့ ထိုင်းတို့ဦးဆောင်ပြီး မြန်မာ့အရေး တွေ့ဆုံဆွေးနွေးပွဲ တွေ ဖြစ်မြောက်လာဖို့အတွက် စစ်တပ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ (EROs)ကို ထိုင်းနိုင်ငံမှာ သီးသန့်စီတွေ့ဆုံသလို NUG အစိုးရကိုလည်း အွန်လိုင်းကတွေ့အပြီး SCEF အရွေ့တွေ မြင်လာရတာပါ။
SCEF စုဖွဲ့မှုမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကလွဲလို့ ကရင်နီ (KA)၊ ချင်း (CNF) ၊ ကရင် (KNU) နဲ့ NUG တို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ မြန်မာ့အရေး အထူးသံလည်းဖြစ်တဲ့ ထရီဇာလာဇာရိုနဲ့ ဇူလိုင် ၁၃ ရက်မှာ ဖူးခက်မြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။
အဲဒီတွေ့ဆုံပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်လည်း တက်ရောက်ခဲ့ပြီး EROs တွေမှာ ဘုံသဘောတူညီချက်တစ်ခု မချမှတ်ထားနိုင်သေးဘူးလို့ တွေ့ဆုံပွဲအပြီးမှာ သူက ပြောပါတယ်။
SCEF ဘက်ကတော့ တရားဝင်နိုင်ငံရေးစေ့စပ်ညှိနှိုင်းမှုတွေ စတင်ဖို့ အခြေအနေမရောက်သေးဘူးလို့ ဇူလိုင် ၁၅ ရက်မှာ သဘောထား ထုတ်ပြန်ခဲ့ပါတယ်။
SCEF အတွင်းမှာတင် ပြည်သူ့ကိုယ်စားပြု မဏ္ဍိုင်အပါအဝင် မဏ္ဍိုင် ၃ ရပ်လုံးအကြား ထပ်ဆွေးနွေးတိုင်ပင်ပြီး အနာဂတ်နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ မပါဝင်ခင် SCEF ရဲ့ စုပေါင်း နိုင်ငံရေးမူဘောင် ပေါ်ထွက်ဖို့ လိုအပ်ကြောင်း ထည့်သွင်းထုတ်ပြန်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အလှူလုပ်တဲ့ NLD အမတ်ဟောင်း ထောင် ၃ နှစ်ချမှတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, Dr Saw Naing
ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့အလှူပြုလုပ်ခဲ့တဲ့အကြောင်း လူမှုကွန်ရက်ပေါ် တင်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အမတ်ဟောင်း ဒေါက်တာစောနိုင်ဟာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-ကနဲ့ ထောင်ဒဏ် သုံးနှစ်ချခံလိုက်ရတယ်လို့ နီးစပ်သူတချို့ဆီကနေ သိရပါတယ်။
နိုင်ငံတော်ဆူပူစေရန်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကရဲ့ အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်ကို အမိန့်ချလိုက်တာပါ။
စစ်ဖက်ရေးရာလုံခြုံရေးတပ်(စရဖ) ကနေ အမှုကို ကိုင်တွယ်ပြီး ဇူလိုင် ၂၄ ရက်မှာ အမိန့်ချခဲ့တယ်လို့လည်း အမှုဖြစ်စဉ်သိရှိသူတချို့က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ဆွမ်းကပ်လှူဒါန်းကြောင်း လူမှုကွန်ရက်ပေါ် တင်တာဟာ လှုံဆော်မှုမြောက်၊ မမြောက်ကို သက်သေအထောက်အထားနဲ့ စစ်ဆေးဖို့လိုကြောင်း ရှေ့နေအသိုင်းအဝိုင်းက ထောက်ပြပါတယ်။
"ရာဇ၀တ်မှုတခုမှာ ပြစ်မှုကျူးလွန်ရင် ထောင်ဒဏ်ချမှတ်ရတာ လုပ်ထုံးလုပ်နည်းဆိုပေမဲ့ ပြစ်မှုကျူးလွန်ကြောင်းသက်သေပြဖို့ တရားစွဲအဖွဲ့အစည်းမှာ တာ၀န်လုံးလုံးလျားလျား ရှိပါတယ်။ ရုံးတော်ကလည်း ပြစ်မှုအင်္ဂါရပ်နဲ့ အကျုံး၀င်ခြင်း ရှိ မရှိကိုလည်း သုံးသပ်ဖို့ လိုပါသေးတယ်" လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးက ပြောပါတယ်။
စွပ်စွဲခံရသူရဲ့လုပ်ဆောင်ချက်ကြောင့် လှုံဆော်မှု (သို့မဟုတ်) အုံကြွမှု (သို့မဟုတ်) ပြည်သူလူထု မငြိမ်မသက်ဖြစ်ရတယ် ဆိုတဲ့အချက်ကို သက်သေအထောက်အထားနဲ့တကွ ရပ်ကွက်နေ ပြည်သူရဲ့တိုင်ကြားစာအတိုင်း စုံစမ်း၊ စစ်မေး၊ တရားစွဲဆိုတာတွေ လုပ်ရမှာလို့ သူကဆက်ပြောပါတယ်။
ဇွန် ၁၉ ရက်မှာ ကျရောက်တဲ့ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်အတွက် သံဃာတော်တွေကို ဆွမ်းလောင်းလှူခဲ့ကြောင်း၊ ကျန်းမာရေးကောင်းမွန်ပြီး အမြန်ဆုံးလွတ်မြောက်ပါစေဆိုပြီး ဒေါက်တာ စောနိုင်က သူ့ရဲ့ဖေ့စ်ဘုတ်မှာ ဓာတ်ပုံနဲ့တကွ ရေးတင်ခဲ့ပါတယ်။
အဲဒီနေ့မှာပဲ ဒေါက်တာစောနိုင်နဲ့ ဇနီးဖြစ်သူတို့ဟာ ရန်ကုန်မြို့၊ တောင်ဥက္ကလာမြို့နယ်က နေအိမ်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ ဇနီးဖြစ်သူကတော့ နောက်ပိုင်းမှာ ပြန်လွတ်ပေမဲ့ ဒေါက်တာ စောနိုင်ကတော့ အမှုဖွင့်ခံရပြီး အင်းစိန်ထောင်ကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
သွားဆရာဝန် ဒေါက်တာစောနိုင်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ တောင်ဥက္ကလာပမြို့နယ်ကနေ NLD ပါတီ ကိုယ်စားပြုဝင်ရောက်ယှဥ်ပြိုင်ပြီးနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသူဖြစ်ပါတယ်။
နေပြည်တော်ဘက်ကတော့ NLD အမတ်ဟောင်း ဒေါက်တာစောနိုင်ကို ဖမ်းဆီးတရားစွဲဆို တာနဲ့ ပတ်သက်လို့ ဇူလိုင် ၂၆ ရက် နေ့လယ်ပိုင်းအထိ တစုံတရာထုတ်ပြန်တာမရှိပါဘူး။
ထိုင်းမှာ မြန်မာအချင်းချင်း ဓားထိုးမှုဖြစ်ပြီး ပွဲစားဆိုသူအမျိုးသား သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်းမှာ တရားဝင်အလုပ်လုပ်ကိုင်ခွင့်(ဝေါ့ ပါမစ်) ရဖို့ လျှောက်ထားရာမှာ လိုအပ်တဲ့စာရွက်စာတမ်းကိစ္စနဲ့ ပွဲစားဆိုသူ မြန်မာအမျိုးသား တစ်ဦးကို မြန်မာအလုပ်သမားတစ်ဦးက ဓားနဲ့ထိုးခဲ့တာကြောင့် ပွဲစားအမျိုးသား သေဆုံးတဲ့ဖြစ်စဉ် ပါကျင်ဘူရီခရိုင်မှာ ဖြစ်ပွားခဲ့ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
မနေ့ညနေ ၆ နာရီခွဲတုန်းက ထိုင်းနိုင်ငံအလယ်ပိုင်း ပါကျင်ဘူရီခရိုင်၊ သတွန်မြို့နယ်ခွဲမှာရှိတဲ့ အသက် ၄၀ အရွယ် မြန်မာပွဲစားရဲ့နေအိမ်ကို မြန်မာအလုပ်သမား ၅ ဦးက ဆိုင်ကယ် ၂ စီးနဲ့ရောက်လာခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။
ဝေါ့ပါမစ် အတွက် စာရွက်တောင်းရာမှ စကားများရန်ဖြစ်ကြပြီးနောက် ပွဲစားဖြစ်သူ ဓားနဲ့ အထိုးခံရကာသေဆုံးခဲ့ပြီး ဝင်ရောက်ဖျန်ဖြေသူအမျိုးသားတဦးလည်း ဓားဒဏ်ရာရခဲ့တယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။
ဒီနေ့ ညနေပိုင်းအချိန်အထိ ကျူးလွန်သူတွေကို မဖမ်းဆီးနိုင်သေးဘူးလို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
"ကျွန်တော့်အလုပ်သမားအရေးလုပ်နေတဲ့အတွေ့အကြုံအရတော့ ပွဲစားနဲ့အလုပ်သမား ဓားထိုးမှု ဖြစ်တာ ပထမဆုံးပဲ။ စာရွက်စာတမ်းကိစ္စနဲ့ပတ်သက်ရင် ပွဲစားတွေက ငွေကြေးယူထားပြီး အဆင်ပြေအောင် မလုပ်ပေးတာတွေ အများကြီးကြုံနေရတယ်။ လိုအပ်တဲ့အချိန်တောင်းရင် စာရွက်စာတမ်း မရတာမျိုးပေါ့" လို့ ထိုင်းရောက် မြန်မာအလုပ်သမားအရေးဆောင်ရွက်နေ ကိုအောင်သူစိုးက ပြောပါတယ်။
တရားမ၀င်နေထိုင်တာ၊ လူ၀င်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်တာနဲ့ လုပ်ကိုင်ခွင့်မရှိတဲ့ အလုပ်လုပ်ကိုင်ရင် ဖမ်းဆီးခံရတဲ့နိုင်ငံခြားသားတွေကို ပြည်နှင်ဒဏ်ပေးမယ့် ပြစ်မှုတွေကို ထိုင်းက ထုတ်ပြန်လိုက်ပြီးနောက် စာရွက်စာတမ်းတရားဝင်ဖြစ်နိုင်ရေး မြန်မာအလုပ်သမားတွေကြား စိုးရိမ်စိတ်မြင့်နေတယ်လို့ သူက ဆက်ပြောပါတယ်။
ထိုင်းနဲ့ကမ္ဘောဒီးယားပဋိပက္ခကြောင့် ကမ္ဘောဒီးယား အလုပ်သမား သိန်းနဲ့ချီနေရပ်ပြန်သွားချိန်မှာ အလုပ်လက်မဲ့မြန်မာတွေအတွက် တရားဝင်အလုပ်လုပ်ဖို့ အခွင့်အရေးရလာပေမဲ့ စာရွက်စာတမ်း ကိစ္စတွေမှာ ပွဲစားတွေရဲ့ ငွေကြေးအဆမတန်တောင်းခံမှုနဲ့ လိမ်လည်မှုတွေကို ရင်ဆိုင်နေရတယ်လို့ ထိုင်းရောက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်သူတွေက အစောပိုင်းကတည်းက ပြောထားပါတယ်။
လှော်ကားရေတွန်းစက်ရုံပြုပြင်မှာဖြစ်လို့ ရန်ကုန် ၁၆ မြို့နယ်မှာ ရေပြတ်ဖို့ရှိ

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
ရန်ကုန်မြို့၊ လှော်ကားရေတွန်းစက်ရုံက စက်ချို့ယွင်းတာကို ပြုပြင်မှာဖြစ်လို့ ရန်ကုန် ၁၆ မြို့နယ်မှာ ရေပြတ်တောက်တာနဲ့ ရေအားနည်းတာတွေ ဖြစ်နိုင်တယ်ဆိုပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ(YCDC)က လူမှုကွန်ရက်ကနေ ကြိုအသိပေးပါတယ်။
မနက်ဖြန် နေ့လယ် ၁ နာရီကနေ ၃ နာရီအထိ လှော်ကားရေတွန်းစက်ရုံမှာ ပြုပြင်ရေးလုပ်မှာဖြစ်ပါတယ်။
လျှပ်စစ်မီးပြတ်တောက်လို့ ရေတွန်းစက်ကြီးတွေရပ်ခဲ့ရင် စက်တွေကို ပြန်မောင်းရတာဟာ အချိန်ယူရလေ့ရှိတာကြောင့် ပြုပြင်တဲ့အချိန်ထက်ရေပြတ်ချိန်ပိုကြာမယ့်သဘောပါ။
မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ မရမ်းကုန်း၊ လှိုင်၊ လှိုင်သာယာ(စက်မှုဇုန်)၊ အင်းစိန်၊ ကမာရွတ်၊ ဗဟန်း၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ လမ်းမတော်၊ လသာ၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်နဲ့ ဗိုလ်တထောင်တို့မှာ ရေပြတ်တောက်နိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ရေကြိုတင်စုဆောင်းထားဖို့လိုကြောင်း YCDC က ဖေ့စ်ဘုတ်စာမျက်နှာကတဆင့် ကြေညာပေမဲ့ ရေပုံမှန်မရနေတဲ့အခြေအနေနဲ့ပတ်သက်လို့လည်း ဆိုရှယ်မီဒီယာသုံးစွဲသူတွေက မှတ်ချက်ပေး ဝေဖန်နေကြပါတယ်။
ရေပုံမှန်မရဘဲ ရေမီတာခ ကောက်ခံတာနဲ့ ရေအရည်သွေးကို မေးခွန်းထုတ်တာတွေ ရန်ကုန်မြို့ခံတချို့က မှတ်ချက်ပြုဝေဖန်ထားကြလည်းတွေ့ရပါတယ်။
"အရင်တုန်းကတည်းက ရေပြတ်တာတွေ ဖြစ်တယ်ဆိုတာက လျှပ်စစ်မီးမရတာနဲ့ ဆိုင်ပါတယ်။ လျှပ်စစ်မီးပြတ်တာက ၁၅ မိနစ်လောက်ပဲဆိုပေမဲ့ ရေတွန်းစက်ကြီးတွေကို အစကနေ ပြန်မောင်းရတာက အချိန်ကြာပါတယ်။ လတ်တလောလည်းလျှပ်စစ်မီး ပုံမှန်မရနေတာတွေဖြစ်နေလို့ ရေအခြေအနေကို အများသိအောင်ကျွန်တော်တို့က ကြေညာပေးတာပါ" လို့ YCDC၊ အင်ဂျင်နီယာဌာနက ခရိုင်တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
လျှပ်စစ်မီးပြတ်လို့ရေပြတ်တောက်တဲ့အခြေအနေကို အချိန်မီ သိနိုင်အောင် အခုဇူလိုင်လ ကစလို့ ကြိုတင်ကြေညာ ထုတ်ပြန်တာတွေ လုပ်နေတယ်လို့လည်း သူက ပြောပါတယ်။
ဒီနေ့မှာလည်း မနက် ၄ နာရီဝန်းကျင်ကနေ ၇ နာရီမထိုးခင်အထိ လျှပ်စစ်မီးပြတ်ခဲ့လို့ လဂွန်းမြင် ရေသန့်စင်စက်ရုံကနေ ရေပေးဝေတဲ့ ဒဂုံမြို့သစ်လေးမြို့နယ်အပါအဝင် သာကေတ၊ ဒေါပုံနဲ့ သီလဝါအထူးစီးပွားရေးဇုန်တို့မှာ ရေအားနည်းတာတွေဖြစ်ခဲ့တယ်လို့ YCDC က ထုတ်ပြန်ထားပါတယ်။
နောက်ဆုံး ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းအရ ရန်ကုန်မြို့ဟာ မြန်မာမှာ လူ ၇ သန်းကျော်နဲ့ လူအထူထပ်ဆုံးဖြစ်တာကြောင့် နာရီနဲ့ချီအောင် မီးပြတ် ရေပြတ်တဲ့အခြေအနေဟာ နေ့စဉ်ဘဝကို ဖြတ်သန်းမှုမှာ အခက်အခဲရှိတယ်လို့ ဆိုပြီး မြို့ခံအချို့က လူမှုကွန်ရက်ပေါ်မှာ ရင်ဖွင့်တာတွေလည်း ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရန်ပုံငွေအခက်အခဲကြောင့် ပြည်တွင်းအလုပ်သမားသမဂ္ဂအဖွဲ့ STUM ရပ်နား

ဓာတ်ပုံ ရင်းမြစ်, STUM
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမှာ အလုပ်သမားတွေအရေး ဆက်ကူညီဆောင်ရွက်ပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်-မြန်မာ(STUM)အဖွဲ့ဟာ ရန်ပုံငွေ မရှိတော့လို့ ရပ်နားလိုက်ကြောင်း မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
ရန်ပုံငွေ မရှိတော့တာကြောင့် အလုပ်သမားတွေအတွက် အခမဲ့ဝန်ဆောင်မှု ပေးဖို့၊ ရုံးနဲ့ ရုံးဝန်ထမ်းအသုံးစရိတ်တွေအတွက်အခက်အခဲရှိလာသလို ဆက်လက်ရပ်တည်ဖို့ မဖြစ်နိုင်တော့တာကြောင့် ရက်အကန့်အသတ်မရှိ ရပ်နားလိုက်တာလို့ STUM အဖွဲ့ဆီကနေ သိရပါတယ်။
"၂၀၂၅ အဖမ်းခံရစဉ်မှာ ဥရောပသမဂ္ဂရဲ့ ပရောဂျက်တစ်ခုကို လုပ်ဆောင်ပေးနေတဲ့အချိန်ဖြစ်ပါတယ်။ တစ်ရုံးလုံး အဖမ်းခံရတော့ အဲဒါက ရပ်သွားတယ်။ အသစ် ပြန်မစနိုင်သေးပါဘူး။ ပြန်စမယ့်အဲဒီလုပ်ငန်း မစ နိုင်သေးတော့ တစ်နေ့ အဆင်ပြေနိုး၊ တစ်နေ့ အဆင်ပြေနိုးနဲ့ တစ်လနဲ့ တစ်လကို ဆက်လာတာ ခုကတော့ အသုံးစရိတ် လုံး၀ကို ပြတ်တောက်သွားလို့ ရပ်သွားတာပါ" လို့ STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။
STUM ဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်း ခေါင်းဆောင်နဲ့အဖွဲ့ဝင်တွေ ဖမ်းဆီးထိန်းသိမ်းခံရတာနဲ့ အမှုဖွင့်ခံရတာတွေ ရှိခဲ့ပေမဲ့ ပြည်တွင်းအလုပ်သမားတွေအရေးကို ဆက်ပြီး ဆောင်ရွက်ခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။
မနှစ် ဇူလိုင်လကုန်ပိုင်းတုန်းကတော့ STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး၊ သမီးဖြစ်သူ မခြူးသွယ်အပါအဝင် အဖွဲ့ဝင် ၉ ယောက်ကို စစ်တပ်က ဖမ်းဆီးပြီး တရားစွဲဆိုခဲ့ပါတယ်။
အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုခံခဲ့ရပြီး အခုနှစ်အစပိုင်းမှာမှ အဖွဲ့ဝင်တွေကို ခြေချုပ်ပြစ်ဒဏ်သတ်မှတ်ချက်နဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။
ပြည်တွင်းအလုပ်သမားသမဂ္ဂအဖွဲ့တွေဟာ သက်ဆိုင်ရာရန်ပုံငွေအကူအညီပေးတဲ့အဖွဲ့အစည်းတွေဆီမှာ လျှောက်လွှာတင်ပြီး ရန်ပုံငွေရှာဖွေကြရပါတယ်။
ဒါပေမဲ့ ပြည်တွင်းမှာဆက်ရှိနေတဲ့ အလုပ်သမားသမဂ္ဂတချို့ဟာ အာဏာသိမ်းပြီးနောက် အသင်းအဖွဲ့မှတ်ပုံတင် မရှိဘဲ ဆက်ရပ်တည်နေကြတာပါ။
"ပြည်တွင်းထဲမှာ ဝန်ဆောင်မှု ကောင်းကောင်းပေးနိုင်ဖို့က STUM လို တရားဝင် မှတ်ပုံတင်မရှိတဲ့အဖွဲ့တွေက ရန်ပုံငွေပေးတဲ့အဖွဲ့တွေဘက်က တောင်းဆိုတဲ့လိုက်နာရမယ့်/လိုအပ်တဲ့အချက်တွေကို ဖြည့်ဆည်းပေးဖို့ရာ အခက်အခဲအများကြီးရှိပါတယ်" လို့ STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးက ဆက်ပြောပါတယ်။
ရန်ပုံငွေ အခက်အခဲကြောင့် အလုပ်သမားရေးရာအမှုအခင်းတွေမှာ Paralegal(ဥပဒေအထောက်အကူပြုရေး) လိုက်ပါဆောင်ရွက်တဲ့ လူပုဂ္ဂိုလ်တွေကို အသုံးမပြုနိုင်တော့ပေမဲ့ ကိုယ်တိုင်ပါဝင်ဆောင်ရွက်တာမျိုးတွေ ဆက်လုပ်ဆောင်မယ်လို့ ဒေါ်မျိုးမျိုးအေးဆီက သိရပါတယ်။
အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)ကတော့ မြန်မာမှာ အလုပ်သမားအသင်းအဖွဲ့တွေ ရပ်တည်နိုင်မယ့် အခွင့်အလမ်း ဖန်တီးပေးဖို့ အာဏာပိုင်တွေကို ဆက်တိုက် ထောက်ပြတောင်းဆိုနေပါတယ်။
ဒါပေမဲ့ ပြည်တွင်းမှာ အလုပ်သမားတွေအရေးကို ထင်ထင်ပေါ်ပေါ် လိုက်ပါ ကူညီဆောင်ရွက်ပေးဖို့ ခက်ခဲနေဆဲလို့ အလုပ်သမားအရေးဆောင်ရွက်သူတွေက ပြောကြပါတယ်။
မကွေး-နေပြည်တော်အစပ်က ရဲနဲ့ စစ်တပ်ဂိတ် စခန်းတွေကို PDF တိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, Nay Pyi Taw PDF
မကွေးတိုင်းနဲ့ နေပြည်တော်ကို ဆက်နေတဲ့ လမ်းမကြီးပေါ်မှာ ရဲနဲ့ စစ်တပ်ဂိတ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်(PDF)က တိုက်ခိုက်ပြီးနောက် စစ်တပ်က နီးစပ်ရာရွာတွေထဲ ဝင်ရောက် စီးနင်းရှာဖွေနေတယ်လို့ တော်လှန်ရေးအသိုင်းအဝိုင်းဆီကနေ သိရပါတယ်။
မကွေး-ကန်ပြား-မြို့သစ်-နေပြည်တော်ကားလမ်းမကြီးပေါ်မှာရှိတဲ့ ရွှေပန်းရဲစခန်းနဲ့ စစ်တပ် စစ်ဆေးရေးဂိတ်ကို PDF တွေက ဇူလိုင် ၂၅ ရက် မနက်အစောပိုင်းမှာ ၀င်တိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ဇူလိုင် ၂၆ ရက် မနက်ခင်းမှာတင် ရဲစခန်းရှိတဲ့ရွာထဲကို ရောက်လာပြီး ရွာကို ဝိုင်းထားတယ်လို့ PDF သတင်းရင်းမြစ်က ပြောပါတယ်။
"မနေ့က နေ့ခင်းပိုင်းမှာ ရွှေပန်းရွာကို အင်အားအလုံးအရင်းနဲ့လာပြီး ဝိုင်းကြတယ်။ ပြည်သူတွေရဲ့ ဖုန်းတွေ စစ်ပြီးရွာပြင် ပေးမထွက်ဘူး။ အခုလက်ရှိတော့ ရွှေပန်းရွာနားက ငကြည်ရွာဝန်းကျင် တောတောင်တွေထဲ လက်နက်ကြီးနဲ့ပစ်နေတယ်" လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ နေပြည်တော်တိုင်းစစ်ဌာနရဲ့ အမှတ် ၉၀၃ တပ်ရင်းရဲ့ တပ်ရင်းမှူး၊ ဗိုလ်အောင်ဒင် က ပြောပါတယ်။
ရွှေပန်းရွာအနီးတံတားပေါ်မှာတည်ဆောက်ထားတဲ့ အဲဒီစစ်ဆေးရေးဂိတ်တွေကို PDF အမှတ် ၉၀၃ နဲ့ ၈၀၃ တပ်ရင်းတွေက ပူးပေါင်းတိုက်ခိုက်လို့ စစ်တပ် ဗိုလ်မှူးအဆင့်အပါအဝင် ၉ ဦး သေဆုံးတယ်လို့ နေပြည်တော် PDF က သတင်းထုတ်ပါတယ်။
ရွှေပန်းရွာဟာ မကွေးတိုင်း၊ မြို့သစ်မြို့နယ်အပိုင်မှာတည်ရှိပြီး နေပြည်တော်နဲ့အစပ် ပဲခူးရိုးမ အနီးမှာ တည်ရှိပါတယ်။ သတင်းရင်းမြစ်တွေကတော့ စစ်တပ်ဟာ လက်နက်ခဲယမ်း သယ်ဆောင်ရေးအတွက် မကွေး-ကန်ပြား-မြို့သစ်-နေပြည်တော်လမ်းပိုင်းကို အသုံးပြုတယ်လို့ပြောပါတယ်။
နေပြည်တော် PDF ကတော့ အဲဒီလမ်းမကြီးပေါ်က တိုက်ပွဲကနေ စစ်လက်နက်ပစ္စည်းနဲ့ ငွေသား ၃၅ သိန်းပါ သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ပါတယ်။ အခုဂိတ်စခန်းတွေမှာ အင်အား ၃၀ ခန့် စခန်းချထားပြီး တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်တပ်က အင်အား ၁၀၀ နီးပါးသုံးကာ စစ်ဆေးမှုတွေလုပ်နေတာလို့ PDF အသိုင်းအဝိုင်းက ပြောပါတယ်။
နေပြည်တော်အနီးတိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ စစ်တပ်က ဒီနေ့ မနက် ၉ နာရီဝန်းကျင်အထိ တစုံတရာထုတ်ပြောလာတာ မရှိသေးပါဘူး။
















